မိမိတို့ရဲ့ ပိုင်နက်တွေ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံထားရပေမယ့် အစ္စရေးပြည်သူတွေ ဒုက္ခတွေ့တဲ့အခါ လစ်လျူမရှုဘဲ ပါလက်စတိုင်းတွေ ကယ်တင်
ကားမှောက်သွားသည့် အစ္စရေးမိသားစုနှစ်ခုကို ပါလက်စတိုင်းများက သက်စွန့်ဆံဖျားကယ်တင်
==================
ဇူလိုင် ၉၊ ၂၀၁၇
M-Media
- အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် ဘက်သလီဟမ်မှာ ကားမှောက်တဲ့ ဂျူးမိသားစုနှစ်ခုကို ပါလက်စတိုင်းတွေက သက်စွန့်ဆံဖျား ကယ်တင်ခဲ့တဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့လာပါတယ်။
မနေ့ကဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်မှာ ဂျူးမိသားစုနှစ်ခု စီးလားတဲ့ကားဟာ အဝေးပြေးလမ်းတစ်ခုမှာ အရှိန်လွန်တိမ်းမှောက်ကာ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့တာပါ။
ဒီအဖြစ်အပျက်ကို ပါလက်စတိုင်း အမျိုးသားအချို့က ပထမဆုံး မြင်တွေ့ခဲ့ပါတယ်။ ဆီတိုင်ကီပေါက်ကာ ဆီတွေဒလဟော စီးကျနေပြီး အချိန်မရွေးပေါက်ကွဲသွားနိုင်ခဲ့ပေမယ့် ပါလက်စတိုင်းအမျိုးသားတွေက အသက်ကို ပဓာနမထားဘဲ ကားအောက်ကိုဝင်ကာ ကယ်တင်ခဲ့တာဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုထဲမှာ ပါလက်စတိုင်းတစ်ဦက "ကားထဲမှာ ကလေးတွေနဲ့။ ကားထဲမှာကလေးတွေနဲ့။ ဟေ့ကောင်တွေ နောက်ကားတစ်စီးကို အမြန်သွားတား။ မြန်မြန်လုပ်" လို့ အာရဘီဘာသာစကားနဲ့ သူ့အဖော်တွေကို ပြောနေတာကို ကြားရပါတယ်။
ဒီဗီဒီယိုဟာ 'အနောက်ဖက်ကမ်းက အသိမ်းခံထားရတဲ့ သူတို့ပိုင် မြေပေါ်မှာဖြစ်တဲ့ ဒီအဖြစ်အပျက်က ပါလက်စတိုင်းတွေရဲ့ လူသားဆန်မှုကို ထင်ဟင်နေတာ မဟုတ်ဘူးဆိုရင် နောက်ထပ် ဘာက ထင်ဟပ်နေအုံးမှာလဲ။ မေတ္တာက အမုန်းကို ကျော်လွှားမှာပါ' ဆိုတဲ့ မှတ်ချက်နဲ့ အွန်လိုင်းစာမျက်နှာတွေမှာ ပြန့်နှံ့ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ဆိုရှယ်မီဒီယာအသုံးပြုသူတွေရဲ့ ချီးကျူးသြဘာပေးမှုလည်း ရရှိခဲ့ပါတယ်။
မိမိတို့ရဲ့ ပိုင်နက်တွေ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံထားရပေမယ့် အစ္စရေးပြည်သူတွေ ဒုက္ခတွေ့တဲ့အခါ လစ်လျူမရှုဘဲ ပါလက်စတိုင်းတွေ ကယ်တင်တာဟာ ဒါက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်း အစ္စရေးမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းချိန် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က မီးသတ်ကား၊ ရဟတ်ယာဉ်နဲ့ မီးသပ်တပ်ဖွဲ့တွေကို စေလွှတ်ခဲ့ပါတယ်။
(ဗီဒီယိုတွင် စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ပုံရိပ်များ ပါဝင်ပါသည်)
Ref: Iknowbro
No comments: