adster160 /320

သော့ခတ်ထားလို့ ထမ်းပြေး တယ်ဆိုတဲ့ စက်ဘီးသူခိုးလေး နှစ်ယောက်ပါတဲ့။

ကဲ … ဘယ်လို လုပ်ကြမတုန်း

ညက စက်ဘီးနှစ်စီးခိုးတာ သော့ခတ်ထားလို့ ထမ်းပြေး တယ်ဆိုတဲ့ စက်ဘီးသူခိုးလေး နှစ်ယောက်ပါတဲ့။ အသက်က ၁၃ နှစ်။

လှိုင်​မြို့နယ်​၊ အမှတ်​ ၉ရပ်​ကွက်​၊ရန်​ကုန်​အင်းစိန်​လမ်းမ​ ပေါ်တိုက်​ ၂ လှိုင်​ရတနာအိမ်​ရာမှာ ဖြစ်တာပါ။ စက်ဘီး ထမ်းပြေးစဉ် လှည့်ကင်းလှည့်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တိုးပြီး ဖမ်းမိတာပါ။ စက်ဘီးနှစ်စီးလုံးလဲ ပြန်ရပါတယ်။
တာဝန်ကျေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ လေးစားမိပါရဲ့။

ဇာတ်လမ်းက အဲဒီမှာစတာ၊ တာဝန်ရှိသူတွေက အပိုင်ရာအိမ်မှုးတွေခေါ် ဘာတွေခေါ်ပြီး စစ်ဆေး မေးမြန်းကြ တော့တာပေါ့။ ကလေးတွေက အသက် ၁၃ နှစ်၊ နေတာက ဒလဘက်မှာတဲ့။ လက်ရှိကတော့ မြေနီကုန်း တံတားအောက်မှာ အိပ်လိုက် ဒဂုံစင်တာမှာ အိပ်လိုက်နဲ့ လစ်ရင် လစ်သလို လုပ်နေတဲ့ ကလေးတွေပါ။

ရှင်းရှင်းပြောရရင် ပြုပြင်လို့ရသေးပါတယ်။ အဓိကက တာဝန်ရှိသူတွေ ဦးစားပေး လုပ်ဆောင်ရမှာ။ တကယ်တမ်း ကျတော့ ဦးဦးရဲတွေက ကလေးက အသက်ငယ် နေတာကလဲ ဒလဘက်က ဆိုတော့ အရှည်အရှည်တွေ မဖြစ်ချင်ဘူး တူပါရဲ့။ စက်ဘီးထမ်းပြေးတဲ့ ကလေးလေး တွေကို စခန်းခေါ်မသွားပဲ တိုက်ခန်း ညစောင့်တွေ ဆီမှာ ထားခဲ့ပါတယ်တဲ့။ မနက်ကျရင် ပြန်လွှတ်ခိုင်းထားတယ် ထင်ပါရဲ့ဗျာ…

ဘာကြောင့်ထားခဲ့လဲဆိုတာ သိနေပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကို ကိုယ်ချင်းစာပေမဲ့ မဖြစ်သင့်ဘူး ထင်လို့ပါ။ ဒီကလေးတွေကို ဒီအတိုင်း ပြန်လွှတ်လိုက်လို့ လိမ္မာသွားမယ် ထင်ပါသလား။ အရှင်းဆုံးပြောရရင် ကလေကချေ သာသာ ဖြစ်နေတဲ့ အလစ်သမား သူခိုးပေါက်စလေး တွေပါ။ ဒါပေမဲ့ အသက်တွေ ငယ်သေးတော့ ပြုပြင်လို့ ရပါသေးတယ်။

ရဲတပ်ဖွဲ့ကို ပြည်သူချစ်တဲ့ ရဲတပ်ဖွဲ့အဖြစ် မြင်စေချင်တာ ကျွန်တော့် ဆန္ဒအမှန်ပါ။ ဒီလိုအချိန်မှာ ပြုပြင် ပြောင်းလဲ ကြပါ။ လှည့်ကင်းလှည့် သူခိုးမိလို့ ချီးကျူးချင်ပေမဲ့ နောက်ဆက်တွဲ လုပ်သွားတဲ့ လုပ်ရပ်က ရုပ်ဆိုးသွားတယ်ဗျာ။

အမှန်ဆို ကလေးတွေကို စခန်းခေါ်။ အသေးစိတ်မေး။ နောက်ဆုံး ဒလက ဝေးလို့ သူ့မိသားစုနဲ့ ဆက်သွယ်ချင်ရင် လိပ်စာမေး ဒလစခန်းကို အကူအညီတောင်း။ အုပ်ထိန်းသူတွေကိုခေါ်။ ကလေးတွေ ပြန်အပ်။ အုပ်ထိန်းသူ တွေရဲ့ အခြေအနေမဟန်ရင် ကလေးတွေကို လူငယ် သင်တန်းကျောင်းပို့။ ဒါလောက်တော့ လုပ်သင့်ပါတယ်။

စာတွေရေးရင် ရှည်နေဦးမယ်။ သဘောပေါက်ပါလိမ့် မယ်ထင်ပါရဲ့။  ပြည်သူချစ်တဲ့ ရဲတပ်ဖွဲ့အဖြစ် ပြုပြင်ပြောင်းလဲချင်ရင် မပျင်းကြပါနဲ့တော့ဗျား။ အရင်က လုပ်ထုံးလုပ်နည်းတွေ ပြင်ကြပေါ့ဗျာ။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးကို ပြည်သူလူထု ချစ်ခင်လေးစား အားကိုးတဲ့ တပ်ဖွဲ့ကြီးအဖြစ် မြင်ချင်တာ ကျွန်တော့်ရဲ့ ဆန္ဒ အစစ်အမှန်သာ ဖြစ်ပါတယ်။ ဒီလိုရေးပြလို့ မုန်းချင်တဲ့သူ မုန်းပါစေဗျာ။

ပြောင်းလဲဖို့အချိန်တန်ပါပြီးလို့ …

၂၆.၇.၂၀၁၇
Zin Moe

No comments:

Powered by Blogger.