adster160 /320

ဒုဗိုလ်မှူးကြီးဟောင်းဖြစ်သူ တရားခံပြေး အောင်ဝင်းခိုင်မှာ မြန်မာနိုင်ငံအတွင်း လက်ရှိ ရှိနေကြောင်း သေချာသည်

❗️ဒုဗိုလ်မှူးကြီးဟောင်းဖြစ်သူ တရားခံပြေးအောင်ဝင်းခိုင် မြန်မာနိုင်ငံအတွင်း ရှိနေကြောင်း သေချာသည်ဟုဆို❗️

==================
ရုပ်သံဖိုင် ကြည့်ရှုရန်
https://www.facebook.com/MizzimaDaily/videos/1596525907048975/
==================

တရားလွှတ်တော်ရှေ့နေဦးကိုနီအား လုပ်ကြံခံရမှုတွင် ပူးပေါင်းပါဝင်ခဲ့သည်ဟုဆိုကာ ရဲတပ်ဖွဲ့က တရားခံပြေးအဖြစ် သတ်မှတ်ထားသော ဒုဗိုလ်မှူးကြီးဟောင်းဖြစ်သူ တရားခံပြေး အောင်ဝင်းခိုင်မှာ မြန်မာနိုင်ငံအတွင်း လက်ရှိ ရှိနေကြောင်း သေချာသည်ဟု ရှေ့နေဦးကိုနီမိသားစုဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးနေလက   ပြောဆိုလိုက်သည်။

တရားခံပြေးအောင်ဝင်းခိုင်မှာ ပြည်ပထွက်ပေါက်များမှ ထွက်ခွာခြင်းမရှိသည့် အချက်အပြင် အာဆီယံနိုင်ငံများတွင် ရှိမနေဟု အာဆီယံနိုင်ငံများ၏ ထက်ဝက်ခန့်က အကြောင်းပြန်ကြားလာကြောင်း   မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းပြောဆိုချက်များ၊  သတင်းကြေညာထုတ်ပြန်ချက်များအရ အောင်ဝင်းခိုင်မှာ မြန်မာနိုင်ငံအတွင်း လက်ရှိ ရှိနေသည်မှာ သေချာကြောင်း ဦးနေလက ပြောသည်။

ရှေ့နေဦးကိုနီအမှုနှင့် ပတ်သက်ပြီး ဇူလိုင်လ ၇ ရက်နေ့၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် သေနတ်သမား ကြည်လင်းအပါ လေးဦးကို ရုံးထုတ်ခဲ့ပြီး လူသတ်မှုဖြင့် လိုပြသက်သေနှစ်ဦး စစ်ဆေးအပြီးတွင် တရားလွှတ်တော် ရှေ့နေဦးနေလက သတင်းမီဒီယာများကို ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရဲချုပ်ဦးဇော်ဝင်းရဲ့ သတင်းစာရှင်းလင်းချက်မှာ နောက်ဆုံးပြောသွားတဲ့ အချက်တစ်ခုရှိတယ်။ အောင်ဝင်းခိုင် ဖမ်းဆီးရမိမယ်ဆိုရင် ဒီအမှုက ရုပ်လုံးပေါ်လာမယ်လို့ ပြောထားတာရှိတယ်။ ဒါကြောင့် မို့လို့ အောင်ဝင်းခိုင် ရရှိရေးအတွက်ကို အန်ကယ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ မြန်မာပြည်ထဲမှာ ရှိနေတဲ့ တရားခံကို ဘာဖြစ်လို့ မမိရတာလဲဆိုတဲ့ မေးခွန်းတစ်ခု အန်ကယ်တို့ မေးရမယ့် အခြေအနေမျိုးမှာ ရှိနေတယ်။ သူက ဒီကိစ္စမှာ ဘာကြောင့် လုပ်ကြံရတာလဲဆိုတဲ့ ကိစ္စ၊ ပြောနေကြတဲ့ လူငယ်သဘာဝလုပ်ကြံတယ်ဆိုတဲ့ အချက်က ဒီထင်မြင် ချက်မျိုးကို အန်ကယ်တို့ လက်မခံဘူး။ မခံချင်စိတ်နဲ့ ဆိုတာကို လက်မခံဘူး။ အကြောင်းရှိရမယ်။ ဒီအကြောင်း ကို ဖော်ထုတ်နိုင်ဖို့အတွက်ကို အောင်ဝင်းခိုင်ဖမ်းဆီးရမိရေးက အရေးပါတယ်လို့ ပြောချင်တယ်”ဟု ဦးနေလက ပြောသည်။

အဆိုပါ တရားခံပြေးအောင်ဝင်းခိုင်မှာ နေပြည်တော်ရှိ ဇေယျာဖြိုးကုမ္ပဏီရုံးခန်းတွင် ဖေဖော်ဝါရီ ၁ဝ ရက်နေ့ အထိရှိနေခဲ့ကြောင်း မြောက်ပိုင်းခရိုင်တရားရုံးတွင် ဇွန်လ ၉ ရက်က နေပြည်တော်ရဲတပ်ဖွဲ့မှ လိုပြသက်သေ လေးဦး လာရောက်ထွက်ဆိုချက်အရ သိရသည်။

အောင်ဝင်းခိုင်မှာ ရှေ့နေဦးကိုနီအား လုပ်ကြံမှုမတိုင်ခင် နာရီပိုင်းအလိုက ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လေယာဉ်ဆိုက်ရောက်မည့်အချိန်ကို စုံစမ်းမေးမြန်းခဲ့သေးကြောင်း စီစီတီ ဗီ(CCTV) မှတ်တမ်းနှင့် အတူ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားမှုများလည်းရှိသည်။

ဧပြီ ၇ ရက်နေ့တွင် တရားခံပြေးအောင်ဝင်းခိုင်အား နိုင်ငံတကာရဲတပ်ဖွဲ့ INTERPOL ကလည်း အရေးပေါ်ကြေငြာချက် (အနီရောင်သတိပေးချက်) ထုတ်ပြန်ခဲ့သည်။

အဆိုပါအမှုတွင် တိမ်းရှောင်နေသော အောင်ဝင်းခိုင်မှာ သေနတ်သမားကြည်လင်းအား ငွေပေးလုပ်ကြံရန် စေခိုင်းခဲ့သူ အောင်ဝင်းဇော်၏ ညီတော်စပ်သူဖြစ်ပြီး ၎င်းမှာ ၂ဝ၁၅ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သူဖြစ်သည်။

အဆိုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေအကြံပေး ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်းကိုနေဝင်းတို့ အသတ်ခံခဲ့ရသည့်အမှုနှင့် ပတ်သက်ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ ဇူလိုင်လ ၇ ရက်နေ့တွင်  လူသတ်မှုအတွက် တရားလိုပြသက်သေများဖြစ်သည့် မြန်မာနိုင်ငံလေကြောင်းရဲတပ်ဖွဲ့မှ ရဲအုပ် အေးမင်းသူနှင့် လေဆိပ်လှည့်ကင်းတာဝန်ခံ ရဲအုပ် အောင်ကျော်ထွန်းတို့အား စစ်ဆေးခဲ့ပြီး လာမည့် ဇူလိုင်လ ၁၄ ရက်အား ထပ်မံရုံးချိန်းချိန်းဆိုလိုက်သည်။

===========

Mizzima - News in Burmese

No comments:

Powered by Blogger.