adster160 /320

ရန်ကုန်ဘက်သို့ မောင်းလာသော ဆီဘောက်ဆာယာဉ်နှင့် ၂၂ ဘီးယာဉ်တို့ မျက်နှာချင်းတိုက်မိပြီးနောက် ဆီဘောက်ဆာယာဉ်မှာ အရှိန်မထိန်းနိုင်ပဲ လမ်းမနဘေးဈေးဆိုင်အား ၀င်တိုက်မှုဖြစ်ပွားခဲ့ကြောင်း

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် သြဂုတ် ၁ ရက်နေ့ နံနက်အစောပိုင်းက မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းလာသော ဆီဘောက်ဆာယာဉ်နှင့် ၂၂ ဘီးယာဉ်တို့ မျက်နှာချင်းတိုက်မိပြီးနောက် ဆီဘောက်ဆာယာဉ်မှာ အရှိန်မထိန်းနိုင်ပဲ လမ်းမနဘေးဈေးဆိုင်အား ၀င်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ကညွတ်ကွင်းနယ်မြေ ရဲစခန်းမှသိရသည်။

“ဆီဘောက်ဆာက မြောက်ဘက်ကနေ တောင်ဘက်ကိုသွားတာ၊ ဟိုဘက်ကတွဲကားက တောင်ဘက်ကနေ မြောက်ဘက်ကိုလာတယ်၊ အဲ့မှာ မိုင်တိုင်အမှတ် ၁၃၁/ ၁ နဲ့ ၂ ကြားရောက်တော့ ဆီဘောက်ဆာက လမ်းရဲ့အရှေ့ဘက် (ဘယ်ဘက်ခြမ်း) ကိုရောက်သွားတယ်၊ ရောက်သွားပြီးတော့ သူက ရန်ကုန်ဘက်ကလာတဲ့ ကားကိုတိုက်လိုက်တာပေါ့၊ တွဲကားကတော့ လမ်းမှန်ပေါ့၊ ဆီဘောက်ဆာကတော့ တစ်ဖက်ယာဉ်ကြောကို ရောက်ပြီးတော့ တိုက်သွားတာ လမ်းအမှားပေါ့၊ ဆီဘောက်ဆာက တစ်ဖက်ယာဉ်ကြောကို ၀င်တိုက်မိပြီးတော့ လမ်းဘေးဈေးဆိုင်ထဲကို ၀င်ချသွားတာပေါ့၊ ပျက်စီးဆုံးရှုံးမှုရှိတာပေါ့၊ လူထိခိုက်မှုတော့မရှိပါဘူးဗျ၊ အမှုဖွင့်တာက ဟိုဘက်က ဆီဘောက်ဆာယာဉ်မောင်းကိုပေါ့၊ သူကလမ်းကြောင်းမှားတာလေ” ဟု ကညွတ်ကွင်း နယ်မြေရဲစခန်းမှူး ရဲအုပ်စန်းဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁ ရက်နံနက် ၆ နာရီခွဲခန့်က ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၃၁ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံ အကြားတွင် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်းမြင့်ဝင်း ၄၅ နှစ်(ဘ) ဦးရွှေဒေါင်း၊ မုံရွာတောင်ရပ်၊ မုံရွာမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 5H/ ----- ဂါလံ ၈၀၀၀ ဆန့်ဆီဘောင်ဆာ (၂၂) ဘီးနောက်တွဲယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ရာမှ ယာဉ်မှာလမ်း၏ယာဘက်ခြမ်းသို့ ရောက်ရှိသွားခဲ့ပြီး မျက်နှာချင်းဆိုင်တွင် မောင်းနှင်လာသော ယာဉ်အမှတ် 6M/---- (၂၂) ဘီးတပ်နောက်တွဲယာဉ်အား ပွတ်တိုက်မိပြီးနောက် အရှိန်မထိန်းနိုင်ပဲ လမ်းမနဘးသို့ဆွဲချကာ ကညွတ်ကွင်းမြို့ စက်တောင် ၁ ရပ်ကွက်နေသူ ဦးညွန့်ဝင်း ၆၅ နှစ်၏ လမ်းဘေးကုန်စုံဆိုင် တစ်ဆိုင်အား ဆက်ပြီးတိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် ဆီဘောက်ဆာယာဉ်၏ ခေါင်းပိုင်းနှင့် လမ်းဘေးဈေးဆိုင်တို့ အနည်းငယ်စီပျက်စီးကာ ယာဉ်ပေါ်လိုက်ပါသူများနှင့် ဈေးဆိုင်မှလူများအား ထိခိုက်ခြင်းမရှိကြောင်းသိရပြီး အဆိုပါယာဉ်မတော်တဆမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မတော်တဆမှုဖြစ်ပွားစေရန် ယာဉ်အားမဆင်မခြင် ပေါ့ဆစွာမောင်းနှင်သူ ဆီဘောက်ဆာယာဉ်မောင်း မြင့်ဝင်းအား ဥပဒေအရေ အရေးယူပေးရန် ဒုရဲအုပ်ညွန့်လင်းမှ တရားလိုလုပ် အမှုဖွင့်တိုင်တန်းခဲ့သောကြောင့် ကညွတ်ကွင်း နယ်မြေရဲစခန်းမှ ယာဉ် (ပ) ၁၁/၂၀၁၇၊ ပြစ်မှုပုဒ်မ ၂၇၉ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

No comments:

Powered by Blogger.